Feb 2, 2011

မြတ်ဗုဒ္ဓ၏ ထူးခြားသောလက္ခာတော် (၂၀)

အနာရောဂါ ကင်းရှင်း၊ ကျန်းမာခြင်း လာဒ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား
လူတိုင်းရဲ့ လည်ပင်းမှာ ရသာကြောတွေ ရှိကြပါတယ်၊ သို့သော်ငြားလည်း မပြည့်ကြပါဘူး။
မြတ်ဗုဒ္ဓရဲ့ လည်ပင်းမှာတော့ အဲဒီရသကြောများဟာ ပြည့်ပြည့်စုံစုံ အကြောပေါင်း ခုနှစ်ထောင် ရှိတယ်လို့ လက္ခဏာကျမ်းများကဆိုပါတယ်။ ဒီလက္ခဏာအရ မြတ်စွာဘုရားဟာ အနာရောဂါ ကင်းရှင်းပြီး ကျန်းမာခြင်းနှင့် ပြည့်စုံရခြင်းဖြစ်ပါတယ်။

လူအများစုမှာ ရသကြော ပြည့်ပြည့်စုံစုံ မရှိကြတဲ့အတွက် သူတို့စားသမျှ အစာတို့ရဲ့ အာဟာရဓာတ်ကို သူတို့ရဲ့ ရသကြောများက တကိုယ်လုံး ပြန်နှံ့အောင် ဖြန့်မပေးနိုင်ကြတော့ အာဟာရဓာတ်ချို့တဲ့လို့ ကျန်းမာရေးညံ့ကြတာဖြစ်ပါတယ်။
မြတ်စွာဘုရားမှာတော့ ရသကြောပေါင်း ခုနှစ်ထောင်နဲ့ ပြည့်စုံလို့ စားသောက်သမျှ အစားအသောက် တို့ရဲ့ အဆီအနှစ်သြဇာ အာဟာရဓာတ်တို့ကို ပြည့်ပြည့်ဝဝ တကိုယ်လုံးအနှံ့ ပြန့်အောင် အဲဒီရသကြော များက ပို့ဆောင်ပေးလေတော့ ငါဘုရားဟာ အာဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရား ခြောက်နှစ်လုံးလုံး အစာရေစာ အငတ်ခံပြီး ဒုက္ကရစရိယာအကျင့်ကို ကျင့်စဉ်တုန်းက သစ်သီးတစ်လုံး၊ ပဲပြုတ်ရေ တစ်ခွက်မျှလောက်နဲ့ မျှတအောင် နေနိုင်ခဲ့တယ်။ အဲဒီတုန်းက အာဟာရဓာတ်နဲလို့ လူတကိုယ်လုံး ပိန်ခြုန်းနေပေမယ့် ကျန်းမာရေးကတော့ မထိခိုက်ပဲ ကမ္မဋ္ဌာန်း အလုပ်ကို ပြင်းပြင်းထန်ထန် သူမတူအောင် အားထုတ်နိုင်ခဲ့တယ်။

မြတ်စွာဘုရားဟာ ပါရမီဖြည့်စဉ်ကာလက သူတစ်ပါးကို မညှည်းဆဲ မနှိပ်စက်ခဲ့ခြင်းကြောင့် သူတစ်ပါးရဲ့ အကြောတွေကို ဖျက်ဆီးရာ မရောက်ဘူး ၊ ဒါကြောင့် ရသအကြောပေါင်း ခုနှစ်ထောင်နဲ့ ပြည့်စုံရခြင်းဖြစ်တယ်။

ဒါကြောင့် မိမိစားစာမျှအစာ ကြေညက်လိုသူများ ၊ မစာမကြေ မအီမည်ဖြစ်နေသူများ၊ အနာရောဂါ ကင်းရှင်း ကျန်းမာခြင်းနှင့် ပြည့်စုံလိုသူများ မြတ်ဗုဒ္ဓကဲ့သို့ သတ္တဝါများအာ ညှင်းပန်းနှိပ်စက်ခြင်းမှ ရှောင်ကြဉ်ကြပါလေ။

No comments: