ယနေ့ လူငယ်များ အပြစ်ပြော၍ ဆုံးမသူကို ရန်သူအဖြစ် သတ်မှတ် တတ်ကြ၏။ အပြစ်ပြော၍ ဆုံးမတတ်သူကို ရွှေအိုးပေးသော မိတ်ဆွေကောင်းကဲ့သို့ သတ်မှတ်ထိုက်၏။ အပြစ်ပြော၍ ဆုံးမသော မိဘဆရာသမားများကိုကာ အဘယ်မှာ ပြောဘွယ်ရှိအံ့နည်း။
မြတ်စွာဘုရားသားတော် အရှင်ရာဟုလာသည် သဲကို လက်ဖြင့် ဆုပ်၍ “ဤသဲလုံးနှင့်အမျှ ငါကို ဆုံးမမည်သူရလျှင် ကောင်းလေစွ” ဟုတောင်းတခဲ့၏။
ဆုံးမစကားကို လိုလားသူတို့တွင် ဇာတ်တော်လာ ရဟန်းဖြစ်စဉ် သည် မှတ်သားထိုက်ပေသည်။
ရဟန်းတစ်ပါး ဆွမ်ခံအပြန် ရေထဲဆင်း ရေချိုးနေစဉ် ကြာရနံ့ကို ခံနေ၏။ နတ်တစ်ဦးက “အရှင်.... သူများမပေးဘဲ ကြာပန်းကို နမ်းနေသည်မှာ ခိုးခြင်းတစ်မျိုးဖြစ်သော အနံ့သူခိုးတည်း” ဟုအပြစ်တင်၏။
“ကြာစွယ်တွေတူး, ကြာပန်းတွေ ချိုးနေသူကို ထိုသို့မပြောဘဲ မချိုး,မဖဲ အဝေမှ အနံ့ခံရုံသာ ခံနေသော ငါကို ဘာကြောင့် အနံ့သူခိုး ဟုဆိုရသနည်း”ဟု ရဟန်းကမေး၏။
“ကြေးညှော်ပေနေသော အထိန်းသည်၏ လက်နှီးကဲ့သို့ အပြစ်တွေများနေသူကို ပြောဖို့မလို။ အရှင့်ကိုသာ ပြောထိုက်ပါသည်။ အရှင်ကာ..... အပြစ်ကင်းသူ၊ စင်ကြယ်ခြင်းကို လိုလားသူ သားမြီးလောက် အပြစ်ကို တိမ်တိုက်လောက်ထင်နေသူဖြစ်ပါသည်” ဟု နတ်ကဆိုသော်........
သင်ကား ငါကိုကျင်နာသူဖြစ်၍ နောက်သည်လိုအပြစ်မျိုးမြင် လျှင် ပြောပါ”ဟု ရဟန်းကဖိတ်၏။
နတ်ကလည်း “ငါ့ပြောမည့်သူ ရှိနေသားပဲဟု ကြောင့်ကြမဲ့ ဖြစ်မည်စိုး၍ ငြင်းပယ်ခဲ့၏။ “ တပည့်တော်အရှင်ကို မှိ၍ အသက်မွေးသည်လည်း မဟုတ် သုဂတိရောက်ကြောင်းတရားကို အရှင်သိအောင်ကြိုးစားပါ” ဟု ဆိုလျက်ကွယ်ပျောက်သွား၏။
ဤကား... ဘာမဟုတ်သော အပြစ်လေးကို အကြီးအကျယ်လုပ် ပြောနေသော နတ်ကို အကျိုးလိုလားသူအဖြစ် ထားကာ လိုက်နာသည်မှာ အားကျဖွယ်သာတည်း
(သဂါထာဝဂ္ဂ၊ ၀နသံယုတ်၊ ဂန္ဓတ္ထေနသုတ် -၂၀၆)
No comments:
Post a Comment