အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်တို့ လိုက်လျော်ညီထွေ လှပနေသောမြတ်စွာဘုရား။
လူအများရဲ့ ကိုယ်ခန္ဓာ အရပ်အမောင်းဟာ တချို့ ပိန်ရှည်ရှည်နဲ့ ဂလန် ဂလား လန်ဘားကြီးများ ၊ တချို့ ပုပုကွကွ ဗိုက်ပူ နန်ကားများ၊ အရပ်နဲ့ ကိုယ်ခန္ဓာ မညီမျှကြပါဘူး။
မြတ်ဗုဒ္ဓရဲ့ ကိုယ်လုံး ကိုယ်ပေါက်ကတော့ မြင့်သောအရပ်နှင့်ကိုက်ညီတဲ့ ကိုယ်ခန္ဓာရှိတော်မူလို့ လုံးဝန်းလှပ စိမ်းစိမ်းစိုစို တင့်တင့်တယ်တယ် လှပနေတဲ့ ဗောဓိပညောင်ပင်လို ဖြစ်နေတယ်လို့ ဆိုပါတယ်။
နောက်တစ်ခု.. လူအများစုဟာ ကိုယ်ကို မကိုင်းညွတ်ပဲ ကိုယ့်ပဆစ်ဒူးဝန်းကို မသုံးသပ် မထိကိုင်နိုင်ပါဘူး။ မြတ်ဗုဒ္ဓကတော့ ကိုယ်ခန္ဓာမကိုင်းညွတ်ပဲ လက်တော်နှစ်ဖက်ဖြင့် ပဆစ်းဒူးဝန်းကို ထိကိုင်သုံးသပ်နိုင်တဲ့ လက္ခဏာနဲ့ ပြည့်စုံတော်မူပါတယ်။
ဤလက္ခဏာနှစ်ပါးကြောင့် မြတ်ဗုဒ္ဓဟာ လူမင်းအဖြစ်နဲ့ဆိုရင် လောကီစည်းစိမ်း ဥစ္စာ ရတနာများနှင့် ပြည့်စုံမယ်။ ရဟန်းမင်းအဖြစ်နဲ့ဆိုရင် သဒ္ဓါ ၊ သီလစတဲ့ လောကုတ္တရာ ရတနာများနဲ့ ပြည့်စုံရပါမယ်။
မြတ်ဗုဒ္ဓဟာ ပါရမီဖြည့်စဉ်ကာလက သူတပါးရဲ့ ဂုဏ်ထူးစွမ်းရည်ကို အမှန်အတိုင်းသိပြီး “ဒူးနေရာဒူး၊ တော်နေရာ တော်” ဆိုသလို ဂုဏ်ထူးရှိသူကို သူ့ဂုဏ်အလိုက် ပေးကမ်းချီမြှောက်ခဲ့တယ်။
တချို့အကြီးအကဲလို လူခင်ရင် မူပြင်တာမျိုး ၊ လူမုန်းရင် မူသုံးတာမျိုး လုပ်လေ့မရှိဘူး။ ကိုယ်နဲ့ပလဲနံသင့် သူကို မတန်မရာ ရာထူးတိုးပေးတာမျိုး၊ အဆင့်မြင့် ရာထူးနဲ့ ထိုက်တန်ပါလျှက် ကိုယ့်ကို ကဏ္ဍကောစ လုပ်သူဆိုပြီး နေရာ မပေးတာမျိုးလည်း မရှိခဲ့ပါဘူး။တန်ရာတန်ရာ ဂုဏ်အားလျှော်စွာ ချီးမြှောက်ခဲ့ခြင်းကြောင့် အထက်ပါ လက္ခဏာနှစ်ပါးနဲ့ လောကီ၊လောကုတ္တရာ ရတနာတွေနဲ့ ပြည့်စုံရခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဖြစ်လေရာဘဝတိုင်းမှာ လှပတဲ့ ကိုယ်ခန္ဓာ ရရှိပိုင်ဆိုင်လိုသူများ၊ လောကီလောကုတ္တရာ စည်းစိမ်းဥစ္စာများဖြင့် ပြည့်စုံကြွယ်ဝလိုသူများ မြတ်ဗုဒ္ဓကဲ့သို့ မျက်နှာမလိုက် အမှန်အတိုင်း တိတိကျကျ ဆုံးဖြစ်နိုင်သော သူတော်ကောင်းများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ..။
No comments:
Post a Comment