Feb 3, 2011

မြတ်ဗုဒ္ဓ၏ ထူးခြားသောလက္ခာတော် (၂၁၊၂၂)

ညိုလွင် တောက်ပ၊ ကြည်လင်အေးမြသော မျက်နက်ဝန်းပိုင်ရှင် မြတ်စွာဘုရား၊
နူညံ့ပျော့ပြောင်း ကြည်ညိုဖွယ်ကောင်းသော မျက်တောင်းမွေးပိုင်ရှင် မြတ်စွာရား။

မြတ်စွာဘုရားရဲ့ မျက်လုံးမျက်နက်ဝန်းဟာ အညိုရောင် အသွင်နဲ့ ကြည်လင်လှပ အေးမြလှပါတယ်။ လူအများဟာ ၊ အထူးအားဖြင့် လှချင်ပချင်တဲ့ အမျိုးသမီးများဟာ သူတို့ရဲ့မျက်လုံးကို အညိုရောင်သန်း နက်မောင်လှပအောင် ဆေးနဲ့ခြယ်သတတ်ကြပါတယ်။ မြတ်စွာဘုရား မျက်နက်ဝန်းကတော့ ဆေးရောင်ခြယ်သစရာမလိုဘဲ၊ ပင်ကိုယ်သဘာဝ ညိုမောင်လှပနေပါတယ်။

နောက် မြတ်စွာဘုရားရဲ့ မျက်တောင်မွေးဟာ နူးညံ့ပျော့ပြောင်းပြီး ကော့ပျံနေပါတယ်။ လက္ခဏာ ကျမ်းလာစကာနဲ့ပြောရရင်.. မွေးဖွားစ နွားငယ်လေးရဲ့ မျက်တောင်များလို နူးညံ့ပျော့ပြောင်းပြီး စီရရီနဲ့ ကော့ပျံလှပတဲ့ မျက်တောင်များနဲ့တူလို့ “ဂေါပခုမတာ လက္ခဏာ” လို့ လူပြိန်းများ နားလည်းအောင် လက္ခဏာကျမ်းမှာဆိုပါတယ်။ ယခုခေတ် တချို့အမျိုးသမီးများ အထူးအားဖြင့် အနုပညာသည်များ မျက်တောင်လေးများ ကော့ပျံလှပနေအောင် ဆေးရောင် နည်ပညာများဖြင့် ချယ်သတတ်ကြပါတယ်။

မြတ်စွာဘုရားမှာတော့ ဆေးရောင်ချယ်သစရာ မလိုဘဲ ပင်ကိုယ် ဒီလက္ခဏာနှစ်ပါနဲ့ ပြည့်စုံလို့ မြတ်စွာရားကို ဖူးတွေ့ရသူတိုင်းရဲ့ စိတ်သန္တာန်မှာ ကြည်ညိုလို့မဝ ဖူးမြင်လို့မဝ ဦးတချချနဲ့ ဖြစ်နေရခြင်းပါ။

မြတ်စွာဘုရားဟာ ပါရမီ ဖြည့်စဉ်ကာလက - ချစ်သူ - မုန်းသူ ၊ သူ့လူ - ကိုယ့်လူ၊ ရန်သူ - မိတ်ဆွေ၊ ဆွေမျိုး - တစိမ်းမခွဲခြားပဲ သတ္တဝါအားလုံးကို ကြည့်တဲ့အခါ မေတ္တာအပြည့် ချစ်ခင်တဲ့ မျက်လုံးနဲ့ ကြည့်လေ့ရှိခဲ့တယ်။ ဒေါသရောင်လွှမ်း နီမြန်းတဲ့ မျက်လုံးနဲ့ မကြည့်ခဲ့ဖူးဘူး။ ဒါကြောင့် မြတ်စွာဘုရားရဲ့ မျက်နက်ဝန်းတော်၊ မျက်တောင်တော်များဟာ အများနှင့်မတူ တမူထူးခြား လှပနေခြင်းဖြစ်ပါတယ်။ ဤကုသိုလ်ထူးကြောင့် မြတ်စွာဘုရားရဲ့ မျက်လုံးမျက်ဆံ မျက်တောင် တော်များ ပင်ကိုသဘာဝ ကြည်လင်လှပတဲ့အပြင် ၊ မြတ်စွာဘုရားရဲ့ မေတ္တာဓာတ်တွေကို မြတ်ဗုဒ္ဓရဲ့ မျက်လုံးတွေက ဖော်ပြနေတဲ့အတွက် ငါ့ဘုရားကို မြင်သူတိုင်းက ဦးတချချ ဖူးမဝခြင်းဖြစ်ပါတယ်။

ဖြစ်လေရာ ဘဝတိုင်းဟာ လှပေသော မျက်နက်ဝန်းပိုင်ရှင်၊ နူးနူးညံ့ညံ့ကော့ပျံနေတဲ့ မျက်တောင် ပိုင်ရှင်များဖြစ်ဖို့ သတ္တဝါအားလုံးကို မေတ္တာဖြင့်ကြည့်ကြစို့၊

အေးမြသန့်ရှင်းသော အကြည့်သည်သာ အေးမြစေရာ

No comments: